|
CNN သတင်းထောက်တဦး၏
မြန်မာနိုင်ငံတွင်းစွန်းစားမှု
၁၄-ဧပြီ ၂၀၀၈
လုံခြုံရေးအတွက် ရဲတွေ စစ်တဲ့ ဂိတ်စခန်းတွေ ရောက်ရင် ကားနောက်ခန်းမှာ
စောင်ခြုံပြီး ပုန်းနေရတယ်။ လမ်းမပေါ်မှာ မသွားရဲလို့ လှေတွေ စီးနေရတယ်။
ကိုယ်ကိုတိုင်ရော၊ ကိုယ်နဲ့ အတူ ပါသူတွေရော ထောင်ကျရင်
နှိပ်စက်ခံရနိုင်ပြီး အသက်ပင် သေနိုင်တာမို့ နောက်ကျော မလုံတာနဲ့
အမြဲတမ်း သမင်လည်ပြန် ကြည့်ကြည့်နေရတယ်။ လျှို့ဝှက် ထောက်လှမ်းရေး
ရုပ်ရှင်လို့ ထင်စရာပဲ။ တကယ်တော့ CNN သတင်းထောက် Dan Rivers ဟာ
မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာပြည် အထဲကို စစ်အစိုးရ မသိအောင်
ခိုးဝင်ပြီးတော့ သတင်း ၀င်ယူတဲ့ အကြောင်းပါ။ လက်တွေ့မှာတော့ ငွေရောင်
ပိတ်ကားပြင်ပေါ်မှာထက် ကြောက်စရာ ကောင်းပါတယ်။ မြန်မာပြည်ကနေ
ပြန်ထွက်လာနိုင်တော့မှ Rivers က သူ ကြုံတွေ့ခဲ့တာကနေ မေးခွန်း ထုတ်စရာ
ဖြစ်လာတယ်လို့ ပြောတယ်။ အစိုးရက ဒီလို ဘဘာဝ ဘေးသင့်တာကို
သတင်းယူတာတောင် လိုက်ဖမ်းနေတယ် ဆိုတော့ အကူအညီအတွက် လုပ်အား
ပေးနေသူတွေရော ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရနိုင်သလဲ တဲ့။
တတိုင်းပြည်လုံးက မျှော်လင့်ချက် မရှိတော့အောင် ပျက်သုဉ်းနေတယ်။
ဒီလောက်ကြီးမားတဲ့ ကပ်ဘေးနဲ့ ဘယ်သူ့ကိုမှ အ၀င်မခံတဲ့ အစိုးရ
ပေါင်းလိုက်တော့ အင်မတန် ဆိုးရွားတဲ့ အနေအထားကို ရောက်သွားတယ်။
ဒုက္ခရောက်နေသူတွေကို အဲဒီလောက် ဆိုးဆိုးရွားရွား ဥပက္ခာပြု
ဂရုမစိုက်တာဟာ တကယ်တော့ ရာဇ၀တ်မှုပါပဲ။
သူ့အဖွဲ့ဟာ အစိုးရရဲ့ အလုပ်သမားတွေက
လူသေတွေ မြစ်ထဲ မျှောချနေတာတွေကို ဗီဒီယို မှတ်တမ်း တင်လိုက်နိုင်တယ်။
ဒီလို ဖုံးဖိထားရမယ့် ကိစ္စတွေ မလုပ်ရင် အစိုးရအနေနဲ့ ဘာမှ ဖွက်နေစရာ
မလိုပါဘူးလို့ သူက ပြောတယ်။ ဘဇာကြောင့်များ ဒီလို သဘာဝဘေး ကပ်သင့်တာကို
ဖုံးဖိချင်နေရတာလဲ။ သဘာဝ ဘေးအန္တရာယ်တွေက သူတို့ရဲ့ အပြစ်မှ မဟုတ်တာ။
ဒါဟာ အစိုးရရဲ့ စိတ်နေ သဘောထားကို ပြတာပဲ။ အပြင်က လူတွေကိုဆိုရင်
အင်မတန် သံသယစိတ်ထားတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို နာဂစ်မုန်တိုင်း
ဝင်မွှေလို့ ဧရိယာ စတုရန်းမိုင် ၂၀၀၀ လောက် ကျယ်တဲ့ မြေတွေကို
ရေလွှမ်းမိုးကာ လူထောင်ပေါင်းများစွာ သေပြီး ရက်အနည်းငယ် အကြာမှာ Rivers
ဟာ မြန်မာပြည်ကို ရောက်လာပါတယ်။ မြန်မာ အစိုးရကတော့ လူ ၂၂၀၀၀ ကျော်
သေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ မြန်မာပြည်ထဲက အမေရိကန် သံတမန်
တွေကတော့ သေဆုံးသူ ဦးရေဟာ ၁သိန်းအထိ ရောက်သွားနိုင်တယ် ပြောပါတယ်။
Rivers အတွက်တော့ သဘာဝ ဘေးအန္တရယ်တွေနဲ့ နောက်ဆက်တွဲ သေကြေ ပျက်စီးရတာတွေကို
စိမ်းတယ် မဟုတ်ပါဘူး။ ၂၀၀၄ တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ Banda Aceh
မှာ ဆူနာမီကြောင့် ပျက်စီးတာတွေကို သတင်းသွားယူ ထုတ်လွှင့်ခဲ့တာပါ။ ၂၀၀၅
အောက်တိုဘာမှာ ၇.၅ စကေးရှိတဲ့ မြေငလျင်လှုပ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်မှာ
လူပေါင်း ၇၅၀၀ ကျော် သေကြေတုန်းကလည်း ပါကစ္စတန် မှာ ရှိနေပါတယ်။
“တုန်လှုပ် ခြောက်ခြားဖွယ် မြင်ကွင်းတွေ မျိုးစုံ ကျွန်တော်
မြင်ဖူးပါတယ်။ မြန်မာပြည်က အခြေအနေကတော့ ၀မ်းနည်းဖွယ် ကောင်းတယ်။
အမှန်တကယ်ကို စိတ်မကောင်းစရာ အင်မတန်ကောင်းတဲ့ အဖြစ်အပျက်ပါ။
သတင်ရေးရတာတော့ ပိုသွက်လာတယ်။ ရင်ထဲကနေ ထွက်လာတာမို့လို့။” လို့ သူက
ပြောပါတယ်။
မြန်မာပြည်က လမ်းပန်းဆက်သွယ်ရေးက အင်မတန်ကို စုတ်ချာပြီး ခက်ခဲ ပါတယ်။
မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရတဲ့ နေရာတွေကို လမ်းကြမ်းကနေ ၈
နာရီလောက် သွားရတယ်။ တချို့နေရာတွေမှာ ဆူနာမီဒဏ် ခံလိုက်ရတဲ့ Banda
Aceh နဲ့တောင် ခပ်ဆင်ဆင်ရယ်။ အဲဒီမှာက အင်အား ၉ ရစ်ချက်တာ စကေး ရှိသော
ငလျှင်လှုပ်သွားတဲ့ နေရာနဲ့ အနီးဆုံး ဖြစ်တဲ့ Banda Aceh မှာ
အင်ဒိုနီးရှား စစ်တပ်တွေနဲ့ ခွဲထွက်ရေးသမားတွေ ပဋိပက္ခဖြစ်
တိုက်ပွဲဆင်နေတာ ဆယ်စုနှစ် ၃ခုလောက် ကြာသွားပြီ ဆိုတော့လည်း
လူစိမ်းဆိုရင် သင်္ကာမကင်း ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ကပ်ဆိုက်ပြီးတော့ သူတို့တွေက တံခါးဖွင့်ပေးလိုက်တယ်။
လုပ်ပိုင်ခွင့်တွေ ချွင်းချက် မရှိ ပေးထားတယ်။ ကြိုက်တဲ့သူ
ဝင်နိုင်တယ်။ ထွက်နိုင်တယ်။ ဒီမှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့
ကျွန်တော် ခပ်တုံးတုံးပဲ ယူဆထားလိုက်မိတယ်။ ဒုက္ခသည်တွေ အပျက်အစီးတွေနဲ့
အလုပ်ရှုပ်ပြီး ရဲတွေက ဘယ်သူ ဘယ်လို (ဗီဇာနဲ့) ၀င်လာတယ် ဆိုတာ
အလေးထားနေမှာ မဟုတ်ဘူး ထင်ထားမိတယ် လို့ ဆိုလာပါတယ်။ မြန်မာပြည်
ရောက်ပြီး ရက်အနည်းငယ် အကြာမှာပဲ သူ မှားသွားတယ် ဆိုတာ သိလိုက်ရပါတယ်။
Rivers နဲ့ သူ့အဖွဲ့သားတွေ ရောက်တာ တစ်ရက်ပဲ ရှိသေးတယ် အစိုးရက
သူတို့ကို လိုက်ရှာနေတယ်လို့ ဒေသခံ အသိတစ်ယောက်က သတိပေးပါတယ်။
သက်ဆိုင်ရာက ဟိုတယ်တွေ အားလုံးကို ဘယ်သူတွေ လာတည်းသလည်းကို သတင်း
ပို့ရမယ်လို့ အသိပေးထားတယ်တဲ့။
ဒါတောင်မှ သူက “ကျွန်တော်တို့ သတိရှိရှိ နေတယ်လို့ ယုံကြည်တယ်” တဲ့။ သူနဲ့
သူ့အဖွဲ့သားတွေ ဟိုတယ် တစ်ခုပြီး တစ်ခု ပြောင်းရွှေ့ နေတယ်။ ပြဿနာ
တက်တော့မယ် ဆိုတာတော့ သူသိနေပါတယ်။ ပိုပြီး သေချာလာတာတော့
သူ့အဖွဲ့သားတွေ ခရီး စထွက်တော့ပါ။ အဖွဲ့သား တစ်ယောက်က တာဝန်ရှိသူတွေကို
လမ်းတွေ ဖွင့်ထားသလား မေးလိုက်တယ်။ အဲဒီလူက ဖွင့်ထားပါတယ်။ သွားလို့
ရပါတယ်တဲ့။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေကတော့
စကားပြောချင်တယ် ဆိုလာပါတယ်။ လ၀က အရာရှိက သူ့အဖွဲ့သားတွေရဲ့
ပတ်စ်ပို့တွေနဲ့ CNN သတင်းလာနေတုန်း ရိုက်ယူထားတဲ့ သူရဲ့ ပုံနဲ့
တစ်ခုချင်း တိုက်စစ်ပါတော့တယ်။
“သူတို့ အထဲ ၀င်သွားတာ ၂နာရီလောက် ကြာတယ်။ ဘာတွေ ဖြစ်နေလဲတော့ မသိဘူး။ ”
လို့ Rivers က ပြောတယ်။ သူ့အဖွဲ့သားတွေ ဖမ်းဆီးခံရပြီး ညှင်းပန်း
နှိပ်စက်ခံရမှာ စိုးလို သူ့ကိုယ်သူ အဖမ်းခံလိုက်ဖို့ စဉ်းစားမိသေးတယ်။
“ကျွန်တော်လည်း ဘာလုပ်ရမယ်မှန်း မသိဘဲ လမ်းပေါ်မှာ လျှောက်သွားနေမိတယ်
အပူချိန်ကလည်း ၄၀ ဒီကရီ ဆဲလ်စီးယက်စ်နဲ့ ပေါင်းအိုးထဲ ထည့်ပေါင်းထားတဲ့
အတိုင်းပါပဲ” တဲ့။ ဘယ်သူ့ကိုမှလည်း သူမသိ။ ဆက်သွယ် ပြောဆိုဖို့ကလည်း
မလွယ် ဖြစ်နေပါတယ်။ သူဘယ်သူလဲ၊ ဘယ်ကလာသလဲ ပဲ မေးနေတယ်။ တစ်ယောက်ကဆို
သူဟာ စီအိုင်အေကလား လို့လည်း မေးတယ်။ အခြေအနေကတော့ မလွယ်ဘူး။
“ကျွန်တော်ရုပ်က သံသယဖြစ်ဖွယ် သိပ်ကောင်းနေပြီ။”
ကံကောင်း ထောက်မစွာပဲ သူ့အဖွဲ့သားတွေကို CNN ကနေ သူနဲ့ အတူပါလာတာလို့
မသိလို့ လွတ်သွားပါတယ်။ သူ့ကိုယ်သူလည်း အဖမ်း မခံလိုက်ပါဘူး။
ရဲတွေဆီမှာ သူ့ဓါတ်ပုံ ရှိနေတယ်လို့ အဖွဲ့သားတွေက ပြောပြတော့ တခြား
အာဏာပိုင် အဖွဲစည်းတွေမှာလည်း သူ့ဓါတ်ပုံ ရှိမှာပဲလို့ Rivers
သိလိုက်တယ်။ တစ်နေရာမှာတော့ ကားနောက်ခန်းက စောင်ပုံအောက်မှာ ပုန်းပြီး
လိုက်လာရတယ်။
်
သူတို့ အဖွဲ့ နောက်ကြောင်း
ပြန်လှည့်ပြီး လမ်းမပေါ်က မသွားဘဲ တောလမ်း အတိုင်း သွားဖို့
ဆုံးဖြတ်လိုက်တယ်။ ကားကို ရပ်ထားလိုက်ပြီး လှေပေါ်တက်ကြတယ်။ မြစ်ကြောင်း
အတိုင်း လှေနှစ်စင်းနဲ့ စုန်ဆင်းသွားကြတယ်။ ရွာလေး တစ်ရွာ ရောက်တော့
ဗီဒီယို နည်းနည်း ရိုက်လိုက်နိုင်တယ်။ အနားမှာ စက်တပ်လှေ ရှိတယ်
ကြားလို့ သွားကြည့်ကြတယ်။ လမ်းလျှောက်သွားတုန်း ဝေါ်ကီတော်ကီတွေ
ကိုင်ထားတဲ့ အဖွဲ့ တစ်ဖွဲ့က တားဆီးတယ်။ သူတို့ကို ကားစီကို ပြန်သွား
ခိုင်းပြီး အဲဒီမှာ ရဲတွေ စောင့်နေမယ်လို့ ပြောတယ်။ “အူတုန်
အသည်းတုန်လောက်အောက် ကြောက်ဖို့ ကောင်းတယ်ဗျာ။ ဘုရားရေ အကြီးအကျယ်တော့
မှားပြီ။” လို့ တွေးမိတယ်။ တောလမ်းအတိုင်း တစ်နာရီလောက်
နောက်ကြောင်းပြန်လာတဲ့ ခရီးမှာ အမှန်တကယ်ကို သူ ကြောက်နေပါပြီ။
ပထမဆုံး တွေးမိတယ်။ ကျွန်တော်တော့
သေပြီလို့။ ကျွန်တော်တို့ ဘယ်မှန်း ညာမှန်း မသိတဲ့ နေရာမှာ ရောက်နေတယ်။
ဘယ်သူမှလည်း ကျွန်တော်တို့ ဘယ်မှာ ဆိုတာကို မသိကြဘူး။ သူတို့တွေက
ကျွန်တော်တို့ကို ပစ်သတ် ရေထဲမျှောလိုက်ပြီး ကျွန်တော်တို့ မတော်တဆ
သေဆုံးသွားတယ် ပြောလိုက်လို့ ရတယ်။ မိသားစု အကြောင်း၊ ကိုယ်သေသွားရင်
သူတို့တွေ ဘယ်လို ဖြစ်မယ်ဆိုတာကို အတွေးဝင်လာတော့တယ်။
ကားနား ပြန်ရောက်တော့
သူမျှော်လင့်ထားသလို ရဲတွေ အုပ်လိုက်ကြီး မရှိဘဲ ရဲအရာရှိ
နှစ်ယောက်ကိုသာ တွေ့လိုက့်ရတယ်။ သူတို့ ပတ်စပို့တွေ တောင်းကြည့်တယ်။
River က ပတ်စ်ပို့ကို ထုတ်ကိုင်ကာ သူ့ရဲ့ မိသားစုနာမည်ကို လက်မနဲ့
အုပ်ပြီး ပြလိုက်တယ်။ ရဲကလည်း Middle Name ကို နာမည် အပြည့်အစုံထင်ပြီး
စကားပြောစက်နဲ့ လှမ်း အကြောင်းကြားတယ်။ `ကျွန်တော်တို့ကို သူတို့
ရှာနေတဲ့ သူတွေလို မထင်ဘဲ လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့ အတွက်တော့
ကြက်ကန်း ဆန်အိုး တိုးတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကို အတူ
ခေါ်သွားပြီးတော့ ရာထူးပိုကြီးတဲ့ သူတစ်ယောက်နဲ့ တွေ့ရတယ်။ သူကလည်း
ကျွန်တော်တို့ဟာ အကူအညီပေးတဲ့ အုပ်စုတွေကပဲ ထင်သွားပြီး
လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့လည်း တချိုးတည်း လစ်တော့တာပဲ။´ တညလုံး
ကားမောင်းပြီး ရန်ကုန်ကို ပြန်လာပါတယ်။`အဲဒီ ၁၂ နာရီ ပတ်လုံးဟာ
တကယ့်ကို ကြောက်စရာကောင်းတာပါ။ ခုနှစ်ရက် တစ်ပတ်လောက် ကြာတယ်တောင်
ထင်ရတယ်။´
အိမ်ပြန်တာတောင် ချောချောမောမော မဟုတ်သေးဘူး။ လေဆိပ် လုံခြုံရေးတွေနဲ့ ဘာမှ
ပြဿနာမတက်ဘဲ လေယာဉ်ပေါ် ရောက်ပြီး ထိုင်နိုင်တော့မှ ပဲ မြန်မာ အစိုးရနဲ့
နောက် မပက်သတ်တော့ဘူးလို့ တွေးမိတော့တယ်။ ဒါပေမယ် လေယာဉ်မယ်တစ်ယောက်
ရောက်လာပြီး လ၀က အရာရှိက ထပ်တွေ့ချင်တယ် လာပြောသွားတယ်။ သူ့ကို
ခြံရံပြီး ခေါ်သွားတယ်။ သူမှာ ရှိသမျှ အရာတွေ အားလုံးကို
စစ်ဆေးတော့တာပဲ။ လက်ဆွဲအိတ်တွေကို ရှာဖွေတယ်။ အင်္ကျီအိတ်တွေ
လှန်ပြခိုင်းတယ်။ ဖိနပ်တွေ ခြေအိတ်တွေပါ ချွတ်ခိုင်းပြီးတော့ ရှာတယ်။
သူတို့က ဓါတ်ပုံတို့၊ ဗီဒီယို တိပ်ခွေတို့ကို ရှာပုံရပေမယ့် တစ်ခုမှ
မတွေ့ပါဘူး။ ကွန်ပြူတာ Flash Drive တစ်ခုတော့ တွေ့သွားတယ်။
ဖွင့်ကြည့်တော့ ဘာမှာ မတွေ့လို့ ပြန်ပေးလိုက်တယ်။ သူ့ ပတ်စ်ပို့ကို
ယူကြည့်တယ်။ `ဒီတစ်ခါတော့ နာမည် အမှန်တွေ့သွားတယ်။´ လေယာဉ်မယ်က
ပြန်ရောက်လာပြီး ပြောနေတယ်။ သူနားမလည်ပေမယ့် လေယာဉ်က
ထပ်မစောင့်နိုင်တော့ဘူး သူ့ကို သွားခွင့် ပေးလိုက်မလား မေးနေပုံပဲ။
နောက်ဆုံးတော့ လွှတ်ပေးလိုက်ပါတယ်။ `ကျွန်တော်ဆီမှာလည်း ဘာမှ မတွေ့ဘူး။
သူတို့ နိုင်ငံက ထွက်သွားရင် ပြီးရော ပုံပါ။ တချိန်လုံးတော့ ကျွန်တော်
တခွန်း တပါဒမျှ မပြောဘူး´ လို့ သူက ပြောပြပါတယ်။
၃၆ နာရီလုံးလုံး မအိပ်ရသေးလို့ ပင်ပန်းနေပြီးနောက် သူ့အိမ်ရောက်သွားမှ သူက
ပြောနိုင်တော့တယ်။ ဒီလို အလိုရှိသည် ၀ရမ်းအထုတ်ခံရတဲ့ အဖြစ်အပျက်ဟာ
အိပ်မက် ဆန်ဆန်ပါပဲတဲ့။ `ရွံဗွက်တောထဲမှာ ခိုးကြောင် ခိုးဝှက် သွားရတာ၊
လှေစီးရတာတွေဟာ ရုပ်ပြဆန်ဆန် ရယ်စရာ အမှတ်တရတွေပါ။ ကားနောက်က
စောင်ပုံထဲမှာ ပုန်းနေရပြီး အထဲမှာ ချွေးတဒီးဒီ ကျနေတုန်း စဉ်းစားမိတယ်
ဒီလို အခြေအနေမျိုးကို ဘယ်နှယ်ကြောင့်များ ကြုံရပါလိမ့်လို့´
မြန်မာ အစိုးရရဲ့
ဇွတ်တရွတ်နိုင်ပုံကတော့ စံတင်လောက်တယ်။ ဒီလောက် ကြီးမားတဲ့ သဘာဝဘေး
အန္တရာယ် ကြုံထားတာတောင် သတင်းထောက် တစ်ယောက်ကို လိုက်ရှာဖို့ အချိန်တွေ
စွမ်းအားတွေ သုံးနိုင်သေးတယ်။ ကျွန်တော်ကို ရှာဖို့ လူအင်အား
ပိုသုံးလေလေ၊ ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်တင်ဖို့
အားမစိုက်နိုင်လေလေပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် ကျွန်တော်
လုပ်ခဲ့ပြီ။ လူတွေကို ဘာတွေ ဖြစ်နေသလဲ ဆိုတာ ပြောပြနိုင်ခဲ့ပြီ။
မြန်မာပြည် အစိုးရကို
အင်မတန် ကြောက်သွားတယ် ဆိုတဲ့ CNN သတင်းထောက် Dan Rivers ဟာ တကယ်တော့
အီရတ်တွေ ဘာတွေ ရောက်ဖူးတဲ့ အတွေ့အကြုံရှိ သတင်းထောက် တစ်ဦးပါ။
သူ့အကြောင်းကို
ဒီမှာ ဖတ်လို့လည်း ရပါသေးတယ်။
တဆင့်ဖေါ်ပြပါသည်။
wesheme.blogspot.com
14-May-2008

Singapore Red Cross Credit
|